(၉)ကြိမ်မြောက် ကမ္ဘာ့စံချိန်စံညွှန်းနေ့အခမ်းအနားကို ၂၀၂၁ခုနှစ်၊အောက်တိုဘာလ(၁၄)ရက်နေ့တွင် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနမှကြီးမှူး၍ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပပြုလုပ်ခဲ့ပြီး အခမ်းအနားတွင် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးမှ တက်ရောက်အမှာစကားပြောကြားခဲ့ပြီး အဆိုပါ အခမ်းအနားသို့ အမျိုးသားစံချိန်စံညွှန်းကောင်စီအဖွဲ့ဝင်များ၊နည်းပညာဆပ်ကော်မတီအဖွဲ့ဝင်များ၊ မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ်၊ မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီနှင့် မြန်မာနိုင်ငံအင်ဂျင်နီယာ အသင်းချုပ်မှ ကိုယ်စားလှယ်များ၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်မှ ကိုယ်စားလှယ်များ Consumer Protection နှင့် Myanmar Food Laboratory Network မှ ကိုယ်စားလှယ်များနှင့်အတူ သုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များအသီးသီး ပါဝင်တက်ရောက်ခဲ့ကြပါသည်။
၂၀၂၁ခုနှစ်အတွက် ရွေးချယ်ခဲ့သည့် ဆောင်ပုဒ်ဖြစ်သည့် “ပိုမိုကောင်းမွန်သော ကမ္ဘာကြီးအတွက် အမြင်မျှဝေခဲ့ခြင်း ” (Shared Vision for a Better World)နှင့်အတူ ကမ္ဘာ့စံချိန်စံညွှန်းနေ့ အခမ်းအနားကို ကမ္ဘာတစ်ဝှမ်းတွင် ၁၉၇၀ခုနှစ်မှစတင်ကျင်းပခဲ့ပြီး မြန်မာနိုင်ငံ တွင် (၂၀၁၂)ခုနှစ်မှစ၍ စတင်ကျင်းပခဲ့ရာ ယခု (၂၀၂၁)ခုနှစ်တွင် နဝမအကြိမ်မြောက်အဖြစ် ကျင်းပ ခဲ့ခြင်းဖြစ်ပါသည်။ ဤအခမ်းအနားကို အပြည်ပြည်ဆိုင်ရာစံချိန်စံညွှန်းအဖွဲ့ (International Organization for Standardization-ISO)၊ အပြည်ပြည်ဆိုင်ရာ လျှပ်စစ်နည်းပညာကော်မရှင် (International Electro technical Commission- IEC) နှင့် အပြည်ပြည်ဆိုင်ရာဆက်သွယ်ရေးသမဂ္ဂ (International Telecommunication Union-ITU) စသည့်အဖွဲ့အစည်းတို့မှ ထုတ်ဝေသည့် အပြည်ပြည်ဆိုင်ရာ စံချိန်စံညွှန်းများ အရေးပါပုံကို မီးမောင်းထိုးပြနိုင်ရန်၊ ကမ္ဘာ့အဆင့်နိုင်ငံများ အကြား ကုန်သွယ်ရေး၊ ကျန်းမာရေး၊ စိုက်ပျိုးရေး ၊ သိပ္ပံနှင့်နည်းပညာဖလှယ်မှုများနှင့်ဆန်းသစ်တီထွင်မှုများ မြှင့်တင်ရာတွင် ဤအပြည်ပြည်ဆိုင်ရာ စံချိန်စံညွှန်းများ၏ အဓိကအခန်းကဏ္ဍကို အသိအမှတ်ပြုရန်၊ ကမ္ဘာတစ်ဝှမ်းရှိ ထောင်ပေါင်း မြောက်မြားစွာသော ကျွမ်းကျင်ပညာရှင်များက နည်းပညာပိုင်းဆိုင်ရာ သဘော တူညီချက်အရ အပြည်ပြည်ဆိုင်ရာစံချိန်စံညွှန်းအဖြစ် ထုတ်ပြန်ကြေညာနိုင်ရန်အတွက် ပူးပေါင်း ဆောင်ရွက်မှုရလဒ်အား ဂုဏ်ပြုနိုင်ရန် ရည်ရွယ်၍ ကမ္ဘာ့စံချိန်စံညွှန်းနေ့ (World Standards Day) အခမ်းအနားကို ကျင်းပရခြင်း ဖြစ်ပါသည်။
အစိုးရကဏ္ဍများ၊ စီးပွားရေးလုပ်ငန်းများနှင့် စက်မှုကုန်ထုတ်လုပ်မှုလုပ်ငန်းများတွင် စံချိန်စံညွှန်းများ အရေးပါအရာရောက်မှုကို အသိပညာပေးမြှင့်တင်နိုင်ရန်အတွက် အမျိုးသားအရည်အသွေးအခြေခံ အဆောက်အဦဆိုင်ရာ သိကောင်းစရာများ၊ စံချိန်စံညွှန်းဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များအတွက် ပြည်တွင်းပြည်ပပူးပေါင်းဆောင်ရွက်ချက်များအပြင် သစ်အခြေခံထုတ်ကုန်ပစ္စည်းများနှင့်ပတ်သက်၍ စံချိန်စံညွှန်းရေးဆွဲခြင်းလုပ်ငန်းစဉ်များအကြောင်းကို တက်ရောက်လာသူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်စေရန်အတွက် ဆွေးနွေးမှုများပြုလုပ်ခဲ့ကြပါသည်။
(၉)ကြိမ်မြောက် ကမ္ဘာ့စံချိန်စံညွှန်းနေ့အခမ်းအနား(၂၀၂၁)
(၉)ကြိမ်မြောက် ကမ္ဘာ့စံချိန်စံညွှန်းနေ့အခမ်းအနား(၂၀၂၁)
(၉)ကြိမ်မြောက် ကမ္ဘာ့စံချိန်စံညွှန်းနေ့အခမ်းအနား(၂၀၂၁)