(၅၃)ကြိမ်မြောက်အာဆီယံစံချိန်စံညွှန်းနှင့် အရည်အသွေးဆိုင်ရာအတိုင်ပင်ခံကော်မတီအစည်းအဝေးပွဲ ကို ၂၀၂၀ ပြည့်နှစ် ဇူလိုင်လ (၁၃) ရက်နေ့မှ (၁၄) ရက်နေ့အထိနှင့် မိတ်ဖက်အဖွဲ့အစည်းများဖြစ်သည့် (US၊ ISO) အစည်းအဝေးပွဲကို ၂၀၂၀ ပြည့်နှစ် ဇူလိုင်လ (၂၀) ရက်နေ့များတွင် အာဆီယံအတွင်းရေးမှူးမှ Video Conference (online) ဖြင့် ကြီးမှူးကျင်းပခဲ့ပြီး သုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်နှင့်တကွအမျိုးသားစံချိန်စံညွှန်းနှင့်အရည်အသွေးဌာနမှဒုတိယညွှန်ကြားရေးမှူးချုပ် နှင့် သက်ဆိုင်ရာဌာနမှူးများ တက်ရောက်ဆွေးနွေးခဲ့ပါသည်။
အစည်းအဝေးတွင် အာဆီယံနိုင်ငံများဖြစ်သော ဘရူနိုင်းဒါရူဆလမ်။ ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊ လာအို၊ မလေးရှား၊ စင်ကာပူ၊ မြန်မာ၊ ဖိလစ်ပိုင်၊ ထိုင်း၊ ဗီယက်နမ်နိုင်ငံများမှ ကိုယ်စားလှယ်များ၊ အာဆီယံ အတွင်းရေးမှူးချုပ်ရုံးမှတာဝန်ရှိသူများ၊အမေရိကန်၊ISOမှ ကိုယ်စားလှယ်များ၊ တက်ရောက်ခဲ့ ကြပါသည်။
အစည်းအဝေးတွင်-
- အာဆီယံစံချိန်စံညွှန်းနှင့် အရည်အသွေးကိုက်ညီမှုစစ်ဆေးခြင်း မဟာဗျူဟာ ၂၀၁၆-၂၀၂၅ အပေါ် ဆောင်ရွက်နိုင်မှုများကို သုံးသပ်ခြင်း၊
- အာဆီယံဒေသတွင်းနိုင်ငံများအချင်းချင်း အပြန်အလှန်အသိအမှတ်ပြု အစီအစဉ်ဆိုင်ရာ သဘော တူညီချက်မူဘောင်အား ပြန်လည်သုံးသပ်ခြင်း၊
- လုပ်ငန်းအဖွဲ့နှင့် ထုတ်ကုန်လုပ်ငန်းအဖွဲ့တို့မှ တင်ပြလာသည့် တိုးတက်မှုများ၊
- တိုးချဲ့လိုသည့် နယ်ပယ်အသစ်များ အတည်ပြုခြင်း၊
- အာဆီယံနှင့် ချိတ်ဆက်၍ လွတ်လပ်သော ကုန်သွယ်မှုဒေသထူထောင်ရေး ဆောင်ရွက်နေသော နိုင်ငံများနှင့် လုပ်ငန်းတိုးတက်မှုအခြေအနေ၊ အာဆီယံနှင့်ပူးပေါင်း၍ နည်းပညာအထောက်အပံ့များပေးလျက်ရှိသည့် အခြေအနေများကို သုံးသပ်ဆွေးနွေးခဲ့ကြပါသည်။