သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ သုတေသနနှင့်တီထွင်ဆန်းသစ်မှုဉီးစီးဌာနမှ ကြီးမှူးကျင်းပသော အရည်အသွေးကိုက်ညီမှုစစ်ဆေးခြင်း ထုတ်ကုန်များ၊ ထုတ်လုပ်မှုနည်းစဉ်များနှင့် ဝန်ဆောင်မှု များဆိုင်ရာ အရည်အသွေးထောက်ခံချက်ထုတ်ပေးသောအဖွဲ့များအတွက် လိုအပ်ချက်များ ဆိုင်ရာ (ISO/IEC 17065:2012) အလုပ်ရုံဆွေးနွေးပွဲကို မတ်လ (၆) ရက်နေ့ နံနက် ၉ နာရီတွင် မင်္ဂလာသီရိဟိုတယ် နေပြည်တော်တွင် ကျင်းပခဲ့ရာ အမျိုးသားစံချိန်စံညွှန်း ကောင်စီဥက္ကဋ္ဌ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကျော်က အဖွင့်မိန့်ခွန်း ပြောကြားခဲ့ပါသည်။ ပြည်ထောင်စုဝန်ကြီးက ပြောကြားရာတွင် (ISO/IEC 17065:2012) သင်တန်းအား အောင်မြင်ပြီးမြောက်ခဲ့သည့် သင်တန်းသားများအတွက် ဂုဏ်ယူဝမ်းမြောက် ပါကြောင်း၊ ဤလူသားအရင်းအမြစ်များ၏အားဖြင့် စံချိန်စံညွှန်းများနှင့် အရည်အသွေး ကိုက်ညီမှုစစ်ဆေးခြင်းလုပ်ငန်းဆောင်ရွက်ရန် အထောက်အပံ့ပြုမည်ဖြစ်ပြီး အာဆီယံ ဒေသတွင်း ကုန်သွယ်မှုအတွက် တစ်ခုတည်းသောဈေးကွက်ကို အကောင်အထည်ဖော်ရာတွင် အထောက်အကူပြုသည်သာမက အငယ်စား၊ အသေးစားနှင့် အလတ်စား လုပ်ငန်းများ၊ စက်ရုံများနှင့် အခြားစီးပွားရေးလုပ်ငန်းများကို မိမိတို့ထုတ်ကုန်အပေါ် ယုံကြည်ချက် ပြည့်ဝစွာဖြင့် ဈေးကွက်ယှဉ်ပြိုင်နိုင်ခြင်း၊ တိုးတက်ဖွံ့ဖြိုးစေသော အကျိုး သက်ရောက်မှုများ ရရှိလာမှာဖြစ်ကြောင်း၊ ယင်းလုပ်ငန်းစဉ်များဆောင်ရွက်နိုင်ရန် ဤအလုပ်ရုံဆွေးနွးပွဲသည် အရေးပါသော လုပ်ငန်းစဉ်တစ်ခုဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။
ထို့နောက် ဒုတိယပိုင်းအစီအစဉ်ကို ဆက်လက်ကျင်းပရာ ဒုတိယဝန်ကြီးများ ဖြစ်ကြသော သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျ၊ စိုက်ပျိုးရေး မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး၊ ဆောက်လုပ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဉီးဝင်းဖေနှင့် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန သုတေသနနှင့် တီထွင်ဆန်းသစ်မှုဉီးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာဖြူဖြူဝင်းတို့က သင်တန်းသား ကိုယ်စားလှယ်များအား ISO/IEC 17065:2012 သင်တန်းဆင်းလက်မှတ်များ ချီးမြှင့်ပေးခဲ့ ပါသည်။
ယခုအလုပ်ရုံဆွေးနွေးပွဲကျင်းပရခြင်းသည် အသိအမှတ်ပြုလက်မှတ်ရရှိခဲ့သည့် သင်တန်းဆရာ များနှင့် စစ်ဆေးသူအရာရှိများ၊ Regulatory Authority များ ပူးပေါင်း၍ စံပြုအရည်အသွေး ထောက်ခံချက် ထုတ်ပေးရေးအဖွဲ့(Model Certification Body) ကို တည်ထောင်နိုင်ရန်ရည်ရွယ် ကျင်းပခြင်းဖြစ်ပြီး နိုင်ငံအတွင်းရှိ အရည်အသွေးထောက်ခံချက်ထုတ်ပေးရေးအဖွဲ့များ၊ အသိအမှတ်ပြုအဖွဲ့ ပိုမိုခိုင်မာအားကောင်းစေလာပြီး နိုင်ငံ့လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်မှုအပေါ် အကျိုးသက်ရောမှုများစွာ ရရှိလာမှာဖြစ်ပါသည်။
အဆိုပါအလုပ်ရုံဆွေးနွေးပွဲသို့ အမျိုးသားစံချိန်စံညွှန်းကောင်စီဝင်များ၊ စံချိန်စံညွှန်း လုပ်ငန်း ကော်မတီဝင်များ၊ နည်းပညာဆပ်ကော်မတီဝင်များ၊ Project Team Leader နှင့် ISO/IEC 17065:2012 သင်တန်းတက်ရောက်အောင်မြင်ခဲ့သည့်သင်တန်းသားများ စုစုပေါင်း (၈၀) ဉီး တက်ရောက်ခဲ့ပြီး မတ် (၆) ရက်မှ (၇) ရက်နေ့အထိ ကျင်းပပြုလုပ်ခဲ့ပါသည်။
AHKFTA-ECOTECH Work Programme: Workshop on Conformity Assessment-Requirements for bodies certifying products, processes and services (ISOIEC 17065:2012) for Myanmar (6-7 March 2023)