၂၀၂၃ ခုနှစ်၊ ဇွန်လ(၃၀)ရက်နေ့တွင် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ သုတေသနနှင့်တီထွင်ဆန်းသစ်မှု ဉီးစီးဌာနနှင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်တို့ ပူးပေါင်း၍ စံချိန်စံညွှန်းများအသုံးချနိုင်ရေး အသိပညာပေးဆွေးနွေးပွဲကို ရန်ကုန်မြို့ရှိ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်တွင် ကျင်းပခဲ့ပြီး သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန၊ သုတေသနနှင့်တီထွင်ဆန်းသစ်မှုဉီးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာဖြူဖြူဝင်း၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်မှ အထွေထွေ အတွင်းရေးမှူးချုပ် ဒေါ်ခိုင်ခိုင်နွယ်တို့မှ အဖွင့်အမှာစကားပြောကြားခဲ့ကြပါသည်။ ဆွေးနွေးပွဲသို့ သက်ဆိုင်ရာဝန်ကြီးဌာန၊ ဉီးစီးဌာနများမှ ကိုယ်စားလှယ်များ၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်နှင့် ညီနောင်အသင်းများမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြပါသည်။ အဆိုပါဆွေးနွေးပွဲတွင် စံချိန်စံညွှန်းများချမှတ်ခြင်း၊ နိုင်ငံတကာ အသိအမှတ်ပြုလက်မှတ်ရရှိအောင် ဝန်ဆောင်မှုပေးခြင်း၊ Calibration ဝန်ဆောင်မှုပေးခြင်းတို့နှင့် စပ်လျဉ်း၍လည်းကောင်း၊ အဆောက်အအုံ၊ လမ်း၊ တံတား၊ လေယာဉ်ကွင်းတည်ဆောက်ရေးနှင့် ဆောက်လုပ်ရေးပစ္စည်းစံချိန်စံညွှန်းများရေးဆွဲရေး နည်းပညာဆပ်ကော်မတီမှ ချမှတ်ထားသော မြန်မာ စံချိန်စံညွှန်းများနှင့် MMS ASTM D946/D946M-20(ကတ္တရာစံချိန်စံညွှန်း)အကျဉ်းချုပ်အားလည်းကောင်း၊ ပတ်ဝန်းကျင်အရည်အသွေးဆိုင်ရာစံချိန်စံညွှန်းနည်းပညာဆပ်ကော်မတီမှ ရေးဆွဲထားသော ပတ်ဝန်းကျင် စီမံခန့်ခွဲမှုစနစ်များဆိုင်ရာ မြန်မာစံချိန်စံညွှန်းများနှင့် MMS ISO 14001 အကျဉ်းချုပ်အားလည်းကောင်း၊ လုပ်ငန်းခွင်ဘေးကင်းလုံခြုံရေးနှင့် ကျန်းမာရေးဆိုင်ရာစံချိန်စံညွှန်းရေးဆွဲရေး နည်းပညာဆပ်ကော်မတီမှ ရေးဆွဲထားသော လုပ်ငန်းခွင်ဘေးကင်းလုံခြုံရေးနှင့် ကျန်းမာရေးဆိုင်ရာ မြန်မာစံချိန်စံညွှန်းများနှင့် စပ်လျဉ်း၍လည်းကောင်း သက်ဆိုင်ရာများမှ အသီးသီး ဆွေးနွေးတင်ပြခဲ့ကြပါသည်။







Awareness seminar on the applicability of standards