ကမ္ဘာ့တိကျစွာတိုင်းတာခြင်းနည်းပညာနေ့ (၂၀၁၉) အခမ်းအနားကို (၂၀.၅.၂၀၁၉) ရက်နေ့၊ နံနက် (၉) နာရီတွင် ရန်ကုန်မြို့၊ ကမ္ဘာအေးဘုရားလမ်းရှိ Melia ဟိုတယ်၌ ပညာရေးဝန်ကြီးဌာန၊ သုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာန နှင့် ဂျာမနီနိုင်ငံ PTB အဖွဲ့အစည်းတို့ ပူးပေါင်း၍ တတိယအကြိမ်ပြုလုပ်ကျင်းပပါသည်။
အခမ်းအနားသို့ ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး၊ မြန်မာနိုင်ငံ ဆိုင်ရာဂျာမနီနိုင်ငံကောင်စစ်ဝန် Dr. Katharina Spiess၊ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဒုတိယဥက္ကဌ၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးဝန်ကြီး နှင့် ကိုယ်စားလှယ်များ၊ မြန်မာနိုင်ငံစံချိန်စံညွှန်းကောင်စီဝင်များ၊ ပညာရေးဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ရန်ကုန်မြို့ရှိ တက္ကသိုလ်အသီးသီးမှ ပါမောက္ခချုပ်များ၊ ဒုတိယ ပါမောက္ခချုပ်များ၊ မြန်မာနိုင်ငံကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် ဥက္ကဌ၊ မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီ၊ မြန်မာနိုင်ငံအင်ဂျင်နီယာအသင်း ၊ မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ် စသည့် အသင်းအဖွဲ့များမှ တာဝန်ရှိသူများ၊ နိုင်ငံတကာအဖွဲ့အစည်း များဖြစ်ကြသည့် PTB၊ GIZ၊ USAID၊ UNIDO နှင့် JICA တို့မှ တာဝန်ရှိသူများ၊ စက်မှုဇုန်များ၊ ပုဂ္ဂလိကစက်ရုံ အလုပ်ရုံများမှ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသူများ နှင့် တိကျစွာတိုင်းတာခြင်း နည်းပညာသိပ္ပံ (မြန်မာ) မှ တာဝန်ရှိသူများ တက်ရောက်ကြပါသည်။
အခမ်းအနားတွင် ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး က အဖွင့် နှုတ်ခွန်းဆက်အမှာစကားပြောကြားပါသည်။ ထို့နောက် မြန်မာနိုင်ငံဆိုင်ရာ ဂျာမနီနိုင်ငံ ကောင်စစ်ဝန် နှင့် PTB မှ ကိုယ်စားလှယ်တို့က နှုတ်ခွန်းဆက်စကားများပြောကြားကြပါသည်။ ဆက်လက်၍ တိကျစွာတိုင်းတာခြင်းနည်းပညာဆိုင်ရာ အသိပညာပေးဗီဒီယိုများ ကြည့်ရှုကြပြီး၊ မှတ်တမ်းတင်ဓာတ်ပုံများ ရိုက်ကူးကြကာ၊ ပြသထားသော ပိုစတာများကို လေ့လာကြည့်ရှုကြပါ သည်။
ထို့နောက် အခမ်းအနားကို ဆက်လက်ကျင်းပရာ PTB မှ တိကျစွာတိုင်းတာခြင်းနည်းပညာဆိုင်ရာ ကျွမ်းကျင်ပညာရှင် Mr. Keith Jones က “The International System of Units – Fundamentally better” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ တိကျစွာတိုင်းတာခြင်းနည်းပညာသိပ္ပံ (မြန်မာ) မှ ညွှန်ကြားရေးမှူး ဒေါက်တာကျော်စိုးလွင် က “Industrial Metrology and establishing the NIMM” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Supreme Enterprise မှ ဦးသက်လွင်က “Optimized Calibration Efforts (A Risk-Based Approach)” ခေါင်းစဉ်ဖြင့် လည်းကောင်း၊ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ ဒုတိယဥက္ကဌ ဒေါက်တာမျိုးအောင်ကျော် က “ The Importance of Rice Moisture and Trade of Myanmar Rice and Paddy” ခေါင်းစဉ်ဖြင့် လည်းကောင်း၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာ ဝေရည်လင်းက “The need of Grain Moisture Testers Traceability System establishment and its related activities” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ တိကျစွာတိုင်းတာခြင်း နည်းပညာသိပ္ပံ (မြန်မာ) မှ ဒုတိယညွှန်ကြားရေးမှူး ဦးဝင်းတင့်က “Legal Metrology and Consumer Protection” ခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီး တင်ပြဆွေးနွေးကြပါသည်။
ဆက်လက်၍ တိကျစွာတိုင်းတာခြင်းနည်းပညာဆိုင်ရာ စကားဝိုင်းဆွေးနွေးပွဲကို ကျင်းပရာ PTB ကျွမ်းကျင်ပညာရှင် Mr. Keith Jones၊ တိကျစွာတိုင်းတာခြင်းနည်းပညာသိပ္ပံ (မြန်မာ) မှ ညွှန်ကြားရေးမှူး ဒေါက်တာကျော်စိုးလွင်၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူး ဦးမြင့်ဝေ၊ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ ဒုတိယဥက္ကဌ ဒေါက်တာ မျိုးအောင်ကျော်၊ Supreme Enterprise မှ ဦးသက်လွင် တို့က ဆွေးနွေးကြပြီး၊ တက်ရောက်လာသူ များက သိရှိလိုသည်များကိုရင်းနှီးပွင်းလင်းစွာမေးမြန်းဆွေးနွေးကြရာ တာဝန်ရှိသူများက ပြန်လည် ဆွေးနွေးဖြေကြားကြပါသည်။
ကမ္ဘာ့တိကျစွာတိုင်းတာခြင်းနည်းပညာနေ့ (၂၀၁၉) အခမ်းအနားကို ညနေ (၄) နာရီတွင် အောင်မြင်စွာရုတ်သိမ်းခဲ့ပါသည်။
၁၈၇၅ ခုနှစ်၊ မေလ (၂၀) ရက်နေ့တွင် ကမ္ဘာ့နိုင်ငံပေါင်း (၁၇) နိုင်ငံမှ ကိုယ်စားလှယ်များပါဝင် တက်ရောက်ခဲ့သည့် မီတာကွန်ဗင်းရှင်း (Metre Convention) ကို ပြုလုပ်ကျင်းပကာ ခေတ်သစ် အတိုင်းအတာဆိုင်ရာသတ်မှတ်ချက်များကို တစ်ကမ္ဘာလုံးတစ်ပြေးညီဖြစ်စေရေး တိုင်ပင်ဆွေးနွေး ၍ အတည်ပြုပြဋ္ဌာန်းနိုင်ခဲ့ကြပါသည်။ အဆိုပါ မီတာကွန်ဗင်းရှင်း (Metre Convention) ၏ ရည်ရွယ်ချက်မှာ အတိုင်းအတာစံများ၊ ယူနစ်များကို တစ်ကမ္ဘာလုံး နိုင်ငံတိုင်းမှ တစ်ပြေးညီ အသုံးပြုနိုင်ရေးဖြစ်ပါသည်။ ထိုကြောင့် မေလ (၂၀) ရက်နေ့ကို ကမ္ဘာ့တိကျစွာတိုင်းတာခြင်း နည်းပညာနေ့ (World Metrology Day) အဖြစ်သတ်မှတ်ကာ နိုင်ငံတကာတွင် အထိမ်းအမှတ် အခမ်းအနားများ ပြုလုပ်ကျင်းပကြခြင်းဖြစ်ပါသည်။
ပညာရေးဝန်ကြီးဌာန၊ သုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာန သည် အမှတ် (၆) ကမ္ဘာအေး ဘုရားလမ်း၊ ရန်ကင်းမြို့နယ်တွင် တိကျစွာတိုင်းတာခြင်းနည်းပညာသိပ္ပံ (မြန်မာ) ကို တည်ထောင် ဖွင့်လှစ်ထားရှိပြီးဖြစ်ပါသည်။
အဆိုပါ တိကျစွာတိုင်းတာခြင်းနည်းပညာသိပ္ပံ (မြန်မာ) တွင် အရွယ်အစားတိုင်းတာခြင်း၊ အလေးချိန်နှင့်ချိန်ခွင်တိုင်းတာခြင်း၊ လျှပ်စစ်တိုင်းတာခြင်း၊ အပူချိန်တိုင်းတာခြင်း၊ ထုထည်တိုင်း တာခြင်း၊ ဖိအားတိုင်းတာခြင်းနှင့် ဆန်စပါးတွင်ပါဝင်သောအစိုဓာတ်တိုင်းတာခြင်းများနှင့် ပတ်သက်၍ နိုင်ငံ၏ တိကျမှုအဆင့်အမြင့်ဆုံးအတိုင်းအတာစံများ၊ စံတိုင်းတာကိရိယာများကို ထိန်းသိမ်းထား ရှိပြီး၊ စက်ရုံ အလုပ်ရုံများ၊ ဝန်ဆောင်မှုလုပ်ငန်းများ၊ တိုင်းတာကိရိယာများကို အသုံးပြုသည့် ဌာန အဖွဲ့အစည်းများမှ တိုင်းတာကိရိယာများကို စံဖြင့်တိုက်ကြည့်စစ်ဆေးခြင်း (Calibration) ဝန်ဆောင်မှုကို ဆောင်ရွက်ပေးလျက်ရှိပါသည်။







