တိကျစွာတိုင်းတာခြင်းနည်းပညာသိပ္ပံ(မြန်မာ) အဆောက်အအုံသစ်ဖွင့်ပွဲ အခမ်းအနားကို ဖေဖော်ဝါရီ (၄) ရက် နံနက်(၈)နာရီခွဲတွင် ရန်ကုန်မြို့၊ ရန်ကင်းမြို့နယ်၊ အမှတ် (၆) ကမ္ဘာအေး ဘုရားလမ်းရှိ သုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာန ရုံးဝင်းအတွင်း၌ ကျင်းပခဲ့ ပါသည်။
ရှေးဦးစွာ ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာမျိုးသိမ်းကြီးနှင့် ဂျာမနီနိုင်ငံ တိကျစွာတိုင်းတာခြင်းနည်းပညာသိပ္ပံ (PTB) မှ ဥက္ကဌ Prof. Dr. Joachim Hermann UIIrich တို့က အမှာစကားပြောကြားခဲ့ပါသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး၊ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဒုတိယဥက္ကဌ၊ ဦးလင်းနိုင်မြင့်၊ အမျိုးသားပညာရေးမူဝါဒကော်မရှင် ဥက္ကဌ ဒေါက်တာမျိုးကြွယ်၊ ဂျာမနီနိုင်ငံ တိကျစွာတိုင်းတာခြင်းနည်းပညာသိပ္ပံ (PTB) မှ ဥက္ကဌ Prof. Dr. Joachim Hermann Ullrich၊ KETT Electric Laboratory မှ အထွေထွေမန်နေဂျာ Mr.Norihiro Yoshida ၊ ပြည်ထောင်စုမြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းဥက္ကဌ ဦးဇော်မင်းဝင်း၊ မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီဥက္ကဌဦးချာလီသန်းနှင့် အမျိုးသားစံချိန်စံညွှန်းကောင်စီအဖွဲ့ဝင် ဒေါက်တာစိန်မြင့် တို့ကတိကျစွာတိုင်းတာခြင်း နည်းပညာ သိပ္ပံ အဆောက်အအုံကိုဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြသည်။
ထို့နောက်ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးနှင့် တာဝန်ရှိသူများက ကမ္မည်း မော်ကွန်းကို နံ့သာရည်များဖြင့် ပက်ဖျန်းကြပြီး တိကျစွာတိုင်းတာခြင်း နည်းပညာသိပ္ပံ အဆောက်အအုံရှိ တိုင်းတာရေး ဓါတ်ခွဲခန်းများကို လေ့လာကြည့်ရှုခဲ့ပါသည်။