နိုင်ငံ၏တိကျမှုအဆင့်အမြင့်ဆုံးအတိုင်းအတာစံများကိုထိန်းသိမ်းထားရှိခြင်း၊ ယင်းအတိုင်းအတာစံများ ကို အသုံးပြု၍ စက်ရုံ အလုပ်ရုံများ၊ ဝန်ဆောင်မှုလုပ်ငန်းများ၊ သုတေသနလုပ်ငန်းများရှိ တိုင်းတာကိရိယာများ ကိုလည်းကောင်း၊ ဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်းစည်းကမ်းများအတွက် တာဝန်ရှိသည့် အဖွဲ့အစည်းများတွင် အသုံးပြုလျက်ရှိသည့် တိုင်းတာကိရိယာများကိုလည်းကောင်း စံဖြင့်တိုက်ကြည့်စစ်ဆေးခြင်း (Calibration) ပြုလုပ်သည့် ဝန်ဆောင်မှုကို ကျယ်ပြန့်စွာဆောင်ရွက်သွားမည့် တိကျစွာတိုင်းတာခြင်းနည်းပညာသိပ္ပံ (National Institute of Metrology – Myanmar) အဆောက်အဦဖွင့်ပွဲအခမ်းအနားကို ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ (၄) ရက်၊ တနင်္လာနေ့ နံနက်ပိုင်းတွင် အဆိုပါအဆောက်အဦတည်ရှိရာ အမှတ် (၆) ကမ္ဘာအေးဘုရားလမ်း၊ ရန်ကင်း မြို့နယ်ရှိ ပညာရေးဝန်ကြီးဌာန၊ သုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာနဝင်း အတွင်းပြုလုပ်ကျင်းပပါသည်။
အခမ်းအနားတွင် ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက အဖွင့် အဖွင့်အမှာစကားပြောကြားပါသည်။ ထို့နောက် ဂျာမနီနိုင်ငံ တိကျစွာတိုင်းတာခြင်းနည်းပညာသိပ္ပံ (PTB) မှ ဥက္ကဌ Mr. Prof. Dr. Joachim Hermann Ullrich က နှုတ်ခွန်းဆက်စကားပြောကြားပါသည်။ တိကျစွာတိုင်းတာခြင်းနည်းပညာသိပ္ပံ အဆောက်အဦသစ်ကို ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး၊ ဂျာမနီနိုင်ငံ တိကျစွာတိုင်းတာခြင်းနည်းပညာသိပ္ပံ (PTB) မှ ဥက္ကဌ Mr. Prof. Dr. Joachim Hermann Ullrich၊ မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီ ဥက္ကဌ၊ မြန်မာနိုင်ငံကုန်သည်များ နှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် ဥက္ကဌ နှင့် အမျိုးသားပညာရေးမူဝါဒကော်မရှင် ဥက္ကဌ နှင့် တာဝန်ရှိသူတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြပါသည်။
ထို့နောက် စံဖြင့်တိုက်ကြည့်စစ်ဆေးခြင်းဆိုင်ရာတိုင်းတာခန်းများ၊ နိုင်ငံ၏တိကျမှုအဆင့်အမြင့်ဆုံးစံ အတိုင်းအတာများကို ထိန်းသိမ်းထားရှိမှုများကို လေ့လာကြည့်ရှုကြပါသည်။
အခမ်းအနားသို့ ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး၊ ဂျာမနီနိုင်ငံ တိကျစွာတိုင်းတာခြင်းနည်းပညာသိပ္ပံ (PTB) မှ ဥက္ကဌ Mr. Prof. Dr. Joachim Hermann Ullrich၊ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ဒုတိယဥက္ကဌနှင့်လွှတ်တော် ကိုယ်စားလှယ်များ၊ မြန်မာနိုင်ငံစံချိန်စံညွှန်း ကောင်စီအဖွဲ့ဝင်များ၊ ပညာရေးဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊တာဝန်ရှိသူများ၊ သုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ရန်ကုန်ရှိတက္ကသိုလ်များမှ ပါမောက္ခချုပ်များ၊ ဒုတိယပါမောက္ခချုပ်များ၊ သုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီး ဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ နိုင်ငံ တကာအဖွဲ့အစည်းများဖြစ်သော PTB၊ UNIDO၊ GIZ၊ USAID၊ JICA တို့မှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီ၊ မြန်မာနိုင်ငံအင်ဂျင်နီယာအသင်း၊ မြန်မာနိုင်ငံ ကုန်သည်များနှင့်စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ်၊ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်စသည့် အသင်းအဖွဲ့များမှ တာဝန်ရှိသူများ၊ စက်မှုဇုန်များ၊ ပုဂ္ဂလိကစက်ရုံ အလုပ်ရုံများမှ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသူများနှင့် သုတေသနနှင့် တီထွင်ဆန်းသစ်မှုဦးစီးဌာန၊ အမျိုးသားစံချိန်စံညွှန်းနှင့်အရည်အသွေးဌာန၊ တိကျစွာတိုင်းတာခြင်းနည်းပညာ သိပ္ပံမှ တာဝန်ရှိသူများ တက်ရောက်ကြပါသည်။
ကမ္ဘာပေါ်ရှိနိုင်ငံတိုင်းတွင် မိမိတို့သက်ဆိုင်ရာနိုင်ငံများအလိုက် အတိုင်းအတာစံများ ထိန်းသိမ်းထားရှိ ရေးနှင့် နိုင်ငံတွင်းရှိအတိုင်းအတာကိရိယာများကို စံဖြင့်တိုက်ကြည့်စစ်ဆေးခြင်းဝန်ဆောင်မှုများကို ဆောင်ရွက် ပေးနိုင်ရေးအတွက် တိကျစွာတိုင်းတာခြင်းနည်းပညာသိပ္ပံ တစ်ခုကိုမဖြစ်မနေထူထောင်ထားရှိရန် လိုအပ်ပါ သည်။
ယခုဖွင့်လှစ်လိုက်သည့် တိကျစွာတိုင်းတာခြင်းနည်းပညာသိပ္ပံ (မြန်မာ) တွင် အလေးချိန်နှင့်ချိန်ခွင် တိုင်းတာခြင်း၊ အရွယ်အစားတိုင်းတာခြင်း၊ လျှပ်စစ်ဆိုင်ရာတိုင်းတာခြင်း၊ အပူချိန်တိုင်းတာခြင်း၊ ဖိအားတိုင်းတာ ခြင်း၊ ထုထည်တိုင်းတာခြင်း နှင့် ဆန်စပါးတွင်ပါဝင်သောအစိုဓာတ်တိုင်းတာခြင်းကိရိယာ တို့ကို စံဖြင့်တိုက်ကြည့် စစ်ဆေးခြင်းများ ပြုလုပ်ဆောင်ရွက်ပေးသွားမည် ဖြစ်ပါသည်။