အမျိုးသားစံချိန်စံညွှန်းကောင်စီ (၁/၂၀၂၀)အစည်းအဝေးတွင် ကောင်စီဝင်ပုဂ္ဂိုလ်များ ဖြစ်သည့် သက်ဆိုင်ရာဝန်ကြီးဌာနများမှ ဒုတိယဝန်ကြီးများနှင့် အမြဲတမ်းအတွင်းဝန်များ အပါအဝင် အစိုးရမဟုတ်သောအဖွဲ့အစည်းများနှင့် သက်ဆိုင်ရာနယ်ပယ်များမှ ကျွမ်းကျင်ပညာရှင်များထံသို့ အတည်ပြုဆုံးဖြတ်ရန်လိုအပ်သည့်အချက်(၄) ချက်အား အီးမေးလ်ဖြင့် အသေးစိတ်ဖြန့်ဝေ၍ သဘောထားတောင်းခံဆောင်ရွက်ခဲ့သည့်အစည်းအဝေးကို ၂၀၂၀ပြည့်နှစ်၊ မတ်လ (၂၀) ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါအစည်းအဝေးတွင် အတည်ပြုဆုံးဖြတ်ရန်အချက်(၄)ချက်ဖြစ်သည့် မြန်မာ ကျောက်မျက်ဆိုင်ရာ စံချိန်စံညွှန်းရေးဆွဲရေး နည်းပညာဆပ်ကော်မတီ အသစ်၏ အဖွဲ့ဝင်များကို အတည်ပြုပေးရန်၊ မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းချုပ်၏ အမျိုးသားစံချိန်စံညွှန်း ကောင်စီအဖွဲ့ဝင် အစားထိုးပြင်ဆင် ဖွဲ့စည်းရန်၊ အသိအမှတ်ပြုခြင်းနည်းပညာကော်မတီနှင့် အသိအမှတ် ပြု အကြံပေးကော်မတီတို့အား ဖွဲ့စည်းရန် နှင့် မြန်မာစံချိန်စံညွှန်း (မူကြမ်း) (၂၆၄) ခု အား အမျိုးသား စံချိန်စံညွှန်းကောင်စီက အတည်ပြုသတ်မှတ်နိုင်ရန် စသည်တို့ကို အမျိုးသား စံချိန်စံညွှန်းကောင်စီ အဖွဲ့ဝင် (၂၁) ဦးထံသို့ အီးမေးလ်ဖြင့် အသေးစိတ်ဖြန့်ဝေ၍ သဘောထားတောင်းခံဆောင်ရွက် ခြင်းများပြုလုပ်ခဲ့ပြီး အဖွဲ့ဝင်များ၏ အတည်ပြုချက်များကို စုစည်းရယူခဲ့ပါသည်။