အမျိုးသားစံချိန်စံညွှန်းကောင်စီ၏လမ်းညွှန်ချက်နှင့်အညီ ကုန်သွယ်မှုလုပ်ငန်းများချောမွေ့စေရေး နှင့် စက်မှုကုန်ထုတ်လုပ်ငန်းများ၏ ကုန်ထုတ်လုပ်မှုစွမ်းအားနှင့် အရည်အသွေးမြှင့်တင်ပေးနိုင်သော စံချိန်စံညွှန်းများထွက်ပေါ်လာရေး၊ နိုင်ငံတကာအသိအမှတ်ပြုအရည်အသွေး ထောက်ခံချက်ထုတ် ပေးနိုင်ရေးနှင့် စံချိန်စံညွှန်းများကို လက်တွေ့ကျကျ ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုနိုင်ရေးတို့အတွက် ရည်ရွယ်၍ စံချိန်စံညွှန်းလုပ်ငန်းကော်မတီအစည်းအဝေး (၁/၂၀၂၄) ကို ၂၀၂၄ခုနှစ်၊ စက်တင်ဘာလ (၁၇)ရက်နေ့တွင် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၊ နေပြည်တော်၌ Hybrid စနစ်ဖြင့် ကျင်းပခဲ့ပါသည်။ အဆိုပါအစည်းအဝေးသို့ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး၊ ဒေါက်တာမျိုးသိန်းကျော် တက်ရောက်၍ အဖွင့်အမှာစကားပြောကြားခဲ့ပြီး၊ သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်နှင့်အတူ စံချိန်စံညွှန်းလုပ်ငန်း ကော်မတီဝင်များ အသီးသီး တက်ရောက်ခဲ့ကြပြီး စံချိန်စံညွှန်းလုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ သုတေသန နှင့်တီထွင်ဆန်းသစ်မှုဉီးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၊ ဒေါက်တာဖြူဖြူဝင်းမှ အမျိုးသားအဆင့် စံချိန်စံညွှန်းနှင့် အရည်အသွေးဆိုင်ရာအကောင်အထည်ဖော်ဆောင်ရွက်မှုများ၊ အမျိုးသား စံချိန်စံညွှန်းကောင်စီအစည်းအဝေးသို့ ဆက်လက် တင်ပြအတည်ပြုချက်ရယူမည့် လုပ်ငန်းစဉ်များ ဆွေးနွေးတင်ပြခြင်း၊ စံချိန်စံညွှန်းလုပ်ငန်းကော်မတီဝင်များက သက်ဆိုင်ရာနည်းပညာ ဆပ်ကော်မတီများအလိုက် အဆိုပြုတင်ပြထားသည့် စံချိန်စံညွှန်းများ၊ ရေးဆွဲလျက်ရှိသော မြန်မာ စံချိန်စံညွှန်းမူကြမ်းများ နှင့် အများပြည်သူသဘောထားမှတ်ချက်များ ရယူ ဆောင်ရွက်ခဲ့ပြီးသော မြန်မာစံချိန်စံညွှန်းမူကြမ်း အကျဉ်းချုပ်များအား ရှင်းလင်းတင်ပြခြင်း၊ အမျိုးသားစံချိန်စံညွှန်းနှင့် အရည်အသွေးဌာနမှ မဖြစ်မနေလိုက်နာဆောင်ရွက်ရမည့် မြန်မာစံချိန်စံညွှန်းများ သတ်မှတ် ထုတ်ပြန်ကြေညာနိုင်ရေးနှင့် အရည်အသွေးကိုက်ညီမှုစစ်ဆေးရေးအဖွဲ့များ မှတ်ပုံတင် ခြင်းဆိုင်ရာလုပ်ငန်းစဉ်များအား ရှင်းလင်းဆွေးနွေးခြင်းများပြုလုပ်ခဲ့ကြပြီး သိပ္ပံနှင့်နည်းပညာ ဝန်ကြီး ဌာနနှင့် ဆက်စပ်ဝန်ကြီးဌာနများမှ စံချိန်စံညွှန်းလုပ်ငန်းကော်မတီအဖွဲ့ဝင်များနှင့် ဆက်စပ်ဝန်ကြီးဌာနများမှ ကိုယ်စားလှယ်များမှ အသီးသီး ဖြည့်စွက် ဆွေးနွေးခဲ့ကြပြီး အဆိုပါ အစည်းအဝေးသို့ ကိုယ်စားလှယ်စုစုပေါင်း(၅၀)ဦးခန့် တက်ရောက်ခဲ့ကြပါသည်။
စံချိန်စံညွှန်းလုပ်ငန်းကော်မတီအစည်းအဝေး (၁/၂၀၂၄)ကျင်းပခြင်း