(၅၁)ကြိမ်မြောက် အာဆီယံစံချိန်စံညွှန်းနှင့် အရည်အသွေးဆိုင်ရာအတိုင်ပင်ခံကော်မတီ လက်အောက်ရှိ လုပ်ငန်းအဖွဲ့(၁) စံချိန်စံညွှန်းရေးဆွဲသတ်မှတ်ခြင်းဆိုင်ရာ အစည်းအဝေးကို ၂၀၂၄ခုနှစ်၊ မေလ(၂၈)ရက်နေ့မှ (၃၀)ရက်နေ့အထိ အာဆီယံအတွင်းရေးမှူးမှ ကြီးမှူး၍ မလေးရှားနိုင်ငံ၊ Langkawiတွင် ကျင်းပပြုလုပ်ခဲ့ပြီး အဆိုပါ အစည်းအဝေးတွင် အာဆီယံ နိုင်ငံများ ဖြစ်သည့် ဘရူနိုင်း၊ ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊ လာအို၊ မလေးရှား၊ ဖိလစ်ပိုင်၊ စင်ကာပူ၊ ထိုင်း၊ ဗီယက်နမ်နိုင်ငံများမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြပါသည်။ အစည်းအဝေးတွင် အာဆီယံဆွေးနွေးဖက် အဖွဲ့အစည်းများဖြစ်သည့် IEC၊ PTB (Germany)၊ METI (Japan) နှင့် EU ARISE PLUS တို့မှ တာဝန်ရှိသူများနှင့်အတူဆွေးနွေးခဲ့ကြပြီး မြန်မာနိုင်ငံကိုယ်စားလှယ်အနေဖြင့် (WG1-ACCSQ) တာဝန်ခံဌာနဖြစ်သည့် အမျိုးသားစံချိန်စံညွှန်းနှင့်အရည်အသွေးဌာန၊ စံချိန် စံညွှန်းဖွံ့ဖြိုးတိုးတက်ရေးဌာနခွဲမှ အရာထမ်းကိုယ်စားလှယ်(၁)ဦး ပါဝင်တက်ရောက်ဆွေးနွေးခဲ့ ပါသည်။
အစည်းအဝေးတွင်
- (၅၀)ကြိမ်မြောက်အစည်းအဝေးမှ လုပ်ဆောင်ခဲ့သည့် အချက်အလက်များကို ပြန်လည် ဆွေးနွေးခြင်း
- အာဆီယံတစ်ပြေးညီစံချိန်စံညွှန်းချမှတ်ရေးလမ်းညွှန်ချက်တွင် ပါဝင်သည့် မူဝါဒများနှင့် ပတ်သက်၍ ကဏ္ဍအသီးသီးတွင် ဆွေးနွေးတင်ပြခြင်း
- အာဆီယံထုတ်ကုန်လုပ်ငန်းအဖွဲ့များမှ တင်ပြလာသည့် စံချိန်စံညွှန်းများအား တစ်ပြေးညီ ချမှတ်နိုင်ရေး ဆွေးနွေးခြင်း
- အာဆီယံဒေသတွင်းရှိ နိုင်ငံများအချင်းချင်း စံချိန်စံညွှန်းချမှတ်ရေး လုပ်ဆောင်နိုင်ရန် အတွက် သတင်းအပြန်အလှန်ဖလှယ်ရယူနိုင်ရေးတို့အပါအဝင်
- အာဆီယံဆွေးနွေးဖက်အဖွဲ့အစည်းများနှင့်ဆွေးနွေးခြင်း အစီအစဉ်များ ဆောင်ရွက်ခဲ့ ကြပါသည်။
51st Meeting of the ASEAN Consultative Committee for Standards and Quality (ACCSQ) Working Group on Standards (WG1) (28-30 May, 2024)