အာဆီယံအတွင်းရေးမှူးမှကြီးမှူး၍ (၅၄)ကြိမ်မြောက် အာဆီယံစံချိန်စံညွှန်းနှင့် အရည်အသွေး ဆိုင်ရာ အတိုင်ပင်ခံကော်မတီအစည်းအဝေးကို ၂၀၂၀ပြည့်နှစ်၊ နိုဝင်ဘာလ(၂၃)ရက်နေ့မှ (၂၄)ရက် နေ့အထိ နှင့် မိတ်ဖက်အဖွဲ့အစည်းများနှင့် ဆွေးနွေးမှုအား ၂၀၂၀ပြည့်နှစ်၊ နိုဝင်ဘာလ (၂၅)ရက်နေ့တို့တွင် video conference ဖြင့် ကျင်းပပြုလုပ်ခဲ့ပါသည်။
အစည်းအဝေးတွင် အာဆီယံနိုင်ငံများဖြစ်သော ဘရူနိုင်း၊ ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊ လာအို၊ မလေးရှား၊ ဖိလစ်ပိုင်၊ စင်ကာပူ၊ ထိုင်း၊ ဗီယက်နမ်နိုင်ငံများမှ ကိုယ်စားလှယ်များ၊ အာဆီယံ အတွင်းရေးမှူးရုံးမှ အဖွဲ့ဝင်များ၊ ဆွေးနွေးဖက်နိုင်ငံအဖွဲ့အစည်း ကိုရီးယား၊ ဂျပန်၊ EU ၊ PTB၊ ISO၊ IEC တို့မှ ကိုယ်စားလှယ်များ ပါဝင်ဆွေးနွေးမည်ဖြစ်ပြီး အာဆီယံစံချိန်စံညွှန်းနှင့် အရည်အသွေး ဆိုင်ရာအတိုင်ပင်ခံကော်မတီ၏ မြန်မာနိုင်ငံကိုယ်စားလှယ်အနေဖြင့် အမျိုးသားစံချိန်စံညွှန်းနှင့် အရည်အသွေးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် သက်ဆိုင်ရာဌာနမှူးများ online မှတစ်ဆင့် တက်ရောက်ပါဝင်ဆွေးနွေးခဲ့ကြပါသည်။
အစည်းအဝေးအစီအစဉ်အရ-
အာဆီယံနိုင်ငံများရှိစံချိန်စံညွှန်းများတပြေးညီဖြစ်ရန် ဆောင်ရွက်နိုင်ရေး၊
အပြန်အလှန် လက်ခံအသိအမှတ်ပြုမှုအစီအစဉ်များ Mutual Recognition Arrangements (MRA) သဘောတူလိုက်နာဆောင်ရွက်ရေး၊
အသိအမှတ်ပြုခြင်းနှင့် အရည်အသွေး ကိုက်ညီမှုစစ်ဆေးခြင်းဆိုင်ရာ အစီအစဉ်များ အကောင် အထည်ဖော်ရေး၊
ဥပဒေအရတိကျစွာတိုင်းတာမှုလုပ်ငန်းဆိုင်ရာဆောင်ရွက်ချက်များအတွက်ညှိနှိုင်းရေး ကဏ္ဍများ၊
လုပ်ငန်းအဖွဲ့နှင့်ထုတ်ကုန်လုပ်ငန်း အဖွဲ့များမှ တင်ပြလာသည့် တိုးတက်မှုများ၊
အာဆီယံနှင့်ချိတ်ဆက်၍ လွတ်လပ်သော ကုန်သွယ်မှုဒေသထူထောင်ရေး ဆောင်ရွက်နေသော မိတ်ဖက်နိုင်ငံများနှင့် လုပ်ငန်းတိုးတက်မှု အခြေအနေများ နှင့်
အခြား ဆောင်ရွက်နေသည့် လုပ်ငန်းကဏ္ဍအသီးသီး၏ တိုးတက်မှုနှင့် ဆောင်ရွက်နေမှုအခြေအနေ တို့အား ဆွေးနွေးခဲ့ကြပါသည်။