(၅၆)ကြိမ်မြောက် အာဆီယံစံချိန်စံညွှန်းနှင့်အရည်အသွေးဆိုင်ရာ အတိုင်ပင်ခံကော်မတီ အစည်းအဝေး ကို ၂၀၂၁ခုနှစ်၊ နိုဝင်ဘာလ(၂၃)ရက်နေ့မှ(၂၄)ရက်နေ့အထိ နှင့် မိတ်ဖက်အဖွဲ့အစည်းများနှင့် ဆွေးနွေး မှုအား ၂၀၂၁ခုနှစ်၊ နိုဝင်ဘာလ(၂၅)ရက်နေ့တို့တွင် အာဆီယံအတွင်းရေးမှူးမှကြီးမှူး၍ video conference ဖြင့် ကျင်းပပြုလုပ်ခဲ့ပါသည်။
အစည်းအဝေးတွင် အာဆီယံအဖွဲ့ဝင်နိုင်ငံများဖြစ်သည့် ဘရူနိုင်း၊ ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊ လာအို၊ မလေးရှား၊ ဖိလစ်ပိုင်၊ စင်ကာပူ၊ ထိုင်း၊ ဗီယက်နမ်နိုင်ငံများမှ ကိုယ်စားလှယ်များ၊ အာဆီယံ အတွင်းရေးမှူးရုံးမှ အဖွဲ့ဝင်များ၊ ဆွေးနွေးဖက်အဖွဲ့အစည်းများဖြစ်သည့် Australia, EU ARISE PLUS, Japan နှင့် PTB တို့မှပါဝင်ဆွေးနွေးခဲ့ကြပြီး အာဆီယံစံချိန်စံညွှန်းနှင့် အရည်အသွေးဆိုင်ရာ အတိုင်ပင်ခံ ကော်မတီ၏ မြန်မာနိုင်ငံကိုယ်စားလှယ်အနေဖြင့် သုတေသနနှင့် တီထွင်ဆန်းသစ်မှု ဉီးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်နှင့်အတူ အမျိုးသားစံချိန်စံညွှန်းနှင့် အရည် အသွေးဌာနမှ ညွှန်ကြားရေးမှူး (တာဝန်ခံ)နှင့် သက်ဆိုင်ရာဌာနခွဲမှူးများ online မှတစ်ဆင့် တက်ရောက် ပါဝင်ဆွေးနွေးခဲ့ကြပါသည်။
အစည်းအဝေးအစီအစဉ်အရ
- (၅၅)ကြိမ်မြောက်အစည်းအဝေးမှ လုပ်ဆောင်မည့်အချက်များကိုဆွေးနွေးတင်ပြခြင်း
- အာဆီယံ သဘောတူညီချက်မူဘောင်အရ သက်ဆိုင်ရာကဏ္ဍများတွင် အပြန်အလှန်လက်ခံ အသိအမှတ်ပြု လက်မှတ်ရေးထိုးပြီးစီးမှု အခြေအနေများ
- အာဆီယံနိုင်ငံများတွင် စံချိန်စံညွှန်းများ တစ်ပြေးညီရေးဆွဲချမှတ်နိုင်ရေး
- နယ်ပယ်သစ်များတွင် တစ်ပြေးညီစံချိန်စံညွှန်းများ ချမှတိနိုင်ရေး ဆွေးနွေးခြင်း
- ACCSQလုပ်ငန်းအဖွဲ့များနှင့်ထုတ်ကုန်လုပ်ငန်းအဖွဲ့များမှ ဆောင်ရွက်ပြီးစီးမှုအခြေအနေများ
- မိတ်ဖက်အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ရန်အစီအစဉ်များ ဆွေးနွေးခြင်းများကို ပြုလုပ် ခဲ့ကြပါသည်။