ကမ္ဘာ့တိကျစွာတိုင်းတာခြင်းနည်းပညာနေ့ (၂၀၁၈) ကို ၁၈.၅.၂၀၁၈ ရက်နေ့တွင် ရန်ကုန်မြို့၊ ပြည်လမ်းရှိ Novotel Yangon Max ဟိုတယ်၌ ပညာရေးဝန်ကြီးဌာန၊ သုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာန နှင့် ဂျာမဏီ PTB အဖွဲ့အစည်းတို့ပူးပေါင်းပြုလုပ်ကျင်းပပါသည်။
အခမ်းအနားသို့ ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး၊ မြန်မာနိုင်ငံဆိုင်ရာ ဂျာမနီနိုင်ငံသံအမတ်ကြီး၊ မြန်မာနိုင်ငံစံချိန်စံညွှန်း ကောင်စီဝင်များ၊ သုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ရန်ကုန်ရှိတက္ကသိုလ်များမှ ပါမောက္ခချုပ်များ၊ ဒုတိယပါမောက္ခချုပ်များ၊ နိုင်ငံတကာ အဖွဲ့အစည်းများဖြစ်သော PTB၊ USAID၊ JICA တို့မှ တာဝန်ရှိသူများ၊ မြန်မာ နိုင်ငံအင်ဂျင်နီယာကောင်စီ၊ မြန်မာနိုင်ငံအင်ဂျင်နီယာအသင်း၊ မြန်မာနိုင်ငံကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်၊ မြန်မာနိုင်ငံဆန်စပါးအသင်းစသည့် အသင်းအဖွဲ့များမှတာဝန်ရှိသူများ၊ စက်မှုဇုန်များ၊ ပုဂ္ဂလိကစက်ရုံ အလုပ်ရုံ များမှ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသူများနှင့် သုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာန၊ တိကျစွာတိုင်းတာ ခြင်းနည်းပညာဌာနမှ တာဝန်ရှိသူများ တက်ရောက်ကြပါသည်။
အခမ်းအနားတွင် ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက အဖွင့်နှုတ်ခွန်းဆက် အမှာစကားပြောကြားပါသည်။ ဆက်လက်၍ မြန်မာနိုင်ငံဆိုင်ရာဂျာမနီသံအမတ်ကြီးနှင့် PTB မှ ကိုယ်စားလှယ် တို့က နှုတ်ခွန်းဆက်စကားများပြောကြားကြပါသည်။ ထို့နောက် မှတ်တမ်းတင်ဓာတ်ပုံများရိုက်ကူးကြပြီး၊ ပြသထားသော ပိုစတာများကိုလေ့လာကြည့်ရှုကြပါသည်။
ဆက်လက်၍ အခမ်းအနားကို အစီအစဉ်အတိုင်းကျင်းပရာ တာဝန်ရှိသူများက တိကျစွာတိုင်းတာခြင်းနည်းပညာ ဆိုင်ရာအကြောင်းအရာများ၊ ဌာနမှဝန်ဆောင်မှုပေးလျက်ရှိသော တိုင်းတာခြင်းများ၊ စက်ရုံ အလုပ်ရုံများမှ တိုင်းတာခြင်းဆိုင်ရာတိကျမှုရှိစေရေးအရေးပါမှုများကို ရှင်းလင်းတင်ပြကြပါသည်။ တက်ရောက်လာသူများက သိရှိလိုသည်များကို မေးမြန်းကြရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဖြေကြားကြပါသည်။
ထို့နောက် မြန်မာနိုင်ငံတွင် တိကျစွာတိုင်းတာခြင်းနည်းပညာဆိုင်ရာဖွံ့ဖြိုးတိုးတက်ရေးအတွက် ဝိုင်းဝန်းဆွေးနွေး အကြံပြုကြပြီး အခမ်းအနားကို ညနေ ၄ နာရီတွင်အောင်မြင်စွာရုတ်သိမ်းခဲ့ပါသည်။